မြန်မာ့ဆန်များ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးစားလျှက်ရှိ
မြန်မာနိုင်ငံမှ ဆန်များအား ဘာရိန်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးလွင်မျိုးဇော်သည် ဘန်ကောက်မြို့ရှိ ဘာရိန်းသံရုံး ဒုတိယအကြီးအကဲနှင့် သွားရောက်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံထွက် ဘာစမာတီဆန်များကို ဘာရိန်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်၀ယ်လက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
ဘာရိန်းနိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသတွင်ဆန်ကို အဓိကစားသုံးသည့် နိုင်ငံဖြစ်ပြီး ပြည်ပ နိုင်ငံများမှ ဘာစမာတီဆန်များ တင်သွင်းလျှက်ရှိသလို အရှေ့အလယ်ပိုင်းဒေသ၏ ဆန်ဈေးကွက်လည်း တည်ရှိနေသည်။ ဘာရိန်းနိုင်ငံမှ ဆန်ကုန်သည်များအနေဖြင့်လည်း မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေး လိုကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဘာစမာတီဆန်ကို ရှမ်းပြည်နယ်၊ဟဲဟိုးနှင့်ဖယ်ခုံမြို့များတွင် စိုက်ပျိုးပြီး လက်ရှိတွင် ဟက်တာ(၁၀၀) ခန့် စိုက်ပျိုးထားရှိပြီး စပါးတင်းပေါင်း (၁၂၀၀၀) ခန့်ထွက်ရှိကာ ဆန်တန်ချိန် ၁၀၀ ခန့် ရရှိမည်ဖြစ်ပြီး ပုံမှန်၀ယ်လက်ရှိမည်ဆိုပါက ရှမ်းပြည်နယ်ရှိ လယ်သမားအတွက် ဈေးကွက်သစ်များရရှိ လာမည်ဖြစ်သည်။ ၀ယ်လိုအားကြောင့် ဘာမာတီဆန် ပိုမိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသခံ တောင်သူများ အတွက် ၀င်ငွေတိုးတက်ရရှိသလို အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
MITC News