ပဲပုပ်သည်အာဟာရဓါတ်ကြွယ်ဝသောသီးနှံတစ်မျိုးဖြစ် သကဲသို့စီးပွားရေးအရလည်း တွက်ခြေကိုက် မျက်နှာပန်း လှသော သီးနှံတစ်မျိုးဖြစ်ပါသည်။
ပဲပုပ်၏ မူရင်းပေါက်ရောက် ရာဒေသမှာ အရှေ့အာရှဖြစ်ပြီး အများဆုံးစိုက်ပျိုးထုတ်လုပ် သည့်ဒေသများမှာအမေရိကန် ၊ ဘရာဇီး၊ အာဂျင်တီးနားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး အထွက်နှုန်းကောင်းသောနိုင်ငံမှာထိုင်း နိုင်ငံဖြစ်ပါသည်။ ပဲပုပ်ကိုအများဆုံးတင်သွင်းသည့် နိုင်ငံများမှာတရုတ်၊
အီးယူ၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ အီဂျစ်၊ အင်ဒိုနီးရှားအစရှိတဲ့နိုင်ငံများဖြစ်ပါသည်။
ပဲပုပ်အားမြန်မာနိုင်ငံကုန်းမြင့်ဒေသများတွင်
မေလနှင့်ဇွန်လများတွင်လည်းကောင်း၊ မြေပြန့်တွင်ဩဂုတ် လနှင့် စက်တင်ဘာလတွင်လည်းကောင်း၊ မြေနုကျွန်းများတွင်
စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။ ပဲပုပ်ထွက်ရှိသည့် ကာလများမှာကုန်းမြင့်ဒေသများတွင် စက်တင်ဘာမှ
အောက်တိုဘာ လများ တွင်လည်းကောင်း၊ မြေပြန့်ဒေသများတွင် ဒီဇင်ဘာလနှင့်ဇန်နဝါရီလများတွင် လည်းကောင်းထွက်ရှိ ပါသည်။ ပဲပုပ်တွင် ကိုလက်စထရော(Cholesterol) မပါသည့်အပြင် ပါဝင်သောပရိုတင်းဓါတ်သည် နွားနို့၊ ကြက်ဥ၊ အခြားအသားများတွင်
ပါဝင်သော ဓါတ်များနှင့် တူညီသည်ဟုလည်းဆိုပါသည်။
ယခုအချိန်တွင်တရုတ်နှင့်အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံသည် အမေရိကန်မှပဲပုပ် တင်သွင်းမှုကိုလျော့ချ၍ အာရှမှပဲပုပ်များတင်သွင်းရန် စဉ်းစားလာပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ပဲပုပ်များ တင်သွင်းနိုင်ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လေ့လာအကဲဖြတ်ခြင်းများနှင့် သက်ဆိုင်သည့် မေးခွန်းများကိုဖြေကြားပေးရန် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ (General Administration of Customs of China - GACC) မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ပေးပို့ညှိနှိုင်းလာပါသည်။
တရုတ်နိုင်ငံသည် နှစ်စဉ်ပဲပုပ်တန်ချိန် သန်း(၉၀)ခန့်တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံ၊
ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း အမေရိကန်ပဲပုပ်မျိုးစေ့များကို စမ်းသပ်စိုက်ပျိုး နေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ တရားဝင်ပဲပုပ်တင်ပို့ခွင့် ရရှိပါက ရှမ်းပြည်နယ်ရှိတောင်သူများအတွက်
ဝင်ငွေတိုးစေမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း များကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
အစိုးရပိုင်းမှ ဆက်စပ်ဝန်ကြီးဌာနများ အနေဖြင့် ဈေးကွက်ကြီးမားသည့် ပဲပုပ်သီးနှံအားတရုတ်နိုင်ငံသို့
တရာဝင်တင်ပို့နိုင်ရေး GACC နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
MITC News