တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်အခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ ၊ General Administration of Customs People’s Republic of China ( GACC) က ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၁၀ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခွင့်ရှိသည့် မြန်မာကုမ္ပဏီ စာရင်းအား ၎င်း၏ website စာမျက်နှာတွင် ထုတ်ပြန်ကြေငြာ ထားသည်။
ယခင်က တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်အခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့တွင် မြန်မာနိုင်ငံမှ ဆန်တရားဝင်တင်ပို့ခွင့်ကို ကုမ္ပဏီ(၁၁)ခုသာ စာရင်းသွင်းထား သည့်အတွက် မြန်မာဆန်ကုမ္ပဏီများ အနေဖြင့် တရုတ်နိုင်ငံသို့ G to G (သို့မဟုတ်) B to B ရောင်းချလိုပါက ၎င်းကုမ္ပဏီ(၁၁)ခုမှသာ တရားဝင်ရောင်းချနိုင်သောကြောင့် ပြည်တွင်းဆန်စပါး ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်။
အဆိုပါ အခက်အခဲကို ဖြေရှင်းနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပါ၀င်သည့် သုံးပွင့်ဆိုင်ကော်မတီက ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံမှ GACC သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဆန်ကုမ္ပဏီများအား ပြန်လည်စာရင်းသွင်းရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ကူညိီပံ့ပိုးမှုဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၁၀ .၇.၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ အဆိုပြု ထားသောမြန်မာကုမ္ပဏီ (၄၃)ခု အမည်စာရင်းအား GACCမှ စာရင်းသွင်းပြီးဖြစ်ကြောင်း ၎င်းတို့၏ website စာမျက်နှာတွင်ဖော်ပြထားပါသည်။
အဆိုပါ ကြေငြာချက်အရ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ GACC တွင် စာရင်းသွင်းပြီး ဖြစ်သော မြန်မာကုမ္ပဏီ(၄၃)ခုသည် ဆန်တရားဝင်တင်ပို့နိုင်တော့မည် ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲနှင့် သစ်သီး၀လံ(၈)မျိုးကို တရား၀င်တင်ပို့ခွင့်ပြုထားပြီး မြန်မာနိုင်ငံမှ ငှက်ပျောသီး၊ ကျွဲနွားအရှင်နှင့် ရေထွက်ပစ္စည်းများ တင်ပို့နိုင်ရေးမှာလည်း ညှိနှိုင်းမှု၏ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အချို့သောကိစ္စရပ်များသည် အစိုးရဌာနများနှင့် အသင်းအဖွဲ့များ ပူးပေါင်ညှိနှိုင်းမှသာ ဖြေရှင်းနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ကျန်ရှိနေသည့် အလားတူ ပြသနာများ ကိုလည်း သုံးပွင့်ဆိုင်ကော်မတီ ကဲ့သို့ဖြေရှင်း ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားဖော်ပြအပ်ပါသည်။
သတင်းအရင်းအမြစ်:GACC website - jckspj.customs.gov.cn
မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (MITC)