အိန္ဒိယနိုင်ငံတွင် ကန့်သတ်တင်သွင်းကုန်စည်အဖြစ်
သတ်မှတ်ထားသည့် စားတော်ပဲ (HS code 07131000) အုပ်စုဝင်ပဲများတင်သွင်းမှုကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းရန် ဗဟိုအစိုးရကခွဲတမ်းသတ်မှတ်ထားရှိသော်လည်း
ဒေသန္တရ တရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းမှုများကတန်ချိန် ၅ ဒသမ ၅ သိန်းအထိ
ရောက်ရှိခဲ့သည်။ သို့ဖြစ်ရာ အိန္ဒိယကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် စားတော်ပဲတင်သွင်းမှုအား
ထပ်မံလျော့ချကန့်သတ်သည့် အမိန့် ကြော်ငြာစာတစ်စောင်ကို ၁၈.၁၂.၂၀၁၉ နေ့တွင်ထုတ်ပြန်လိုက်ပါသည်။
အဆိုပါအမိန့်ကြော်ငြာစာအရ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် စားတော်ပဲများအား
ဆိပ်ကမ်း အရောက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀ အနိမ့်ဆုံးနှုန်းထားသတ်မှတ်ချက် (Minimum Import
Price)ဖြင့် ကိုလ်ကတ္တားမြို့ဆိပ်ကမ်းမှသာ
တင်သွင်းခွင့်ရရှိတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ စားတော်ပဲအပေါ် လက်ရှိကောက်ခံလျက်ရှိသော
သွင်းကုန်ခွန် ၅၀% သတ်မှတ်ချက်အရ တင်သွင်းလာမည့်စားတော်ပဲ ၁ ကီလိုဂရမ်လျှင်မူရင်းဈေး
ရူပီးငွေ ၃၀၀ ရှိမည်ဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်နှင့်အခြားသောစရိတ်စကများ ထပ်ဆောင်းပါက
ပြည်တွင်းဈေးကွက်၌ ရောင်းချရာတွင်ရူပီး ၃၃၀ မှ ၃၄၀ အကြား ကျသင့်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ စားတော်ပဲကိုမိုးသီးနှံအဖြစ်စိုက်ပျိုးပြီး
နိုဝင်ဘာ/ ဒီဇင်ဘာလများ၌ ထွက်ပေါ်လေ့ ရှိသော်လည်း ပဲလုံးအစိုအဖြစ်သာထုတ်လုပ်မှုရှိသည်။
စားတော်ပဲအုပ်စုဝင်ပဲအခြောက်များအား ပြည်ပမှသာတင်သွင်းပြီး နှစ်စဉ်ပြည်တွင်းဈေးကွက်၌
လိုအပ်ချက်မှာ ပျမ်းမျှအားဖြင့်တန်ချိန် ၂ ဒသမ ၅ သိန်းခန့်ရှိသည်။ ယခင်လများ၌ လက်လီဈေးကွက်
ရောင်းဈေး ၁ ကီလိုဂရမ်လျှင် ၄၅ ရူပီးခန့်ရှိသော စားတော်ပဲအဝါ (Yellow Pea) သည် ဒီဇင်ဘာလဆန်းပိုင်းတွင်ရူပီး ၁၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်ပြီး တင်သွင်းမှုပိုမိုများပြားလာခဲ့သည်။
သို့ဖြစ်ရာ စားတော်ပဲ နေရာတွင်အရန်လက်ကျန်တန်ချိန် ၁ ဒသမ ၅ သန်းခန့်ရှိသော ကုလားပဲအား
ဈေးကွက်တောင်းဆိုချက်မြင့်တက်လျက် အစားထိုးစားသုံးလာစေရန် အစိုးရကယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း
သုံးသပ်ရသည်။
စားတော်ပဲသည် ပြည်ပမှသာ
တင်သွင်းရရှိနိုင်သည့် ကုန်စည်အမယ်ဖြစ်ပြီး ပြည်တွင်းဈေးကွက် အတွင်း၎င်း၏နေရာ၌ အစားထိုးနိုင်သည့် ထုတ်ကုန်မရှိသဖြင့်ပြည်တွင်း စားသုံးသူများအတွက် အနိမ့်ဆုံး အားဖြင့်
စားတော်ပဲအစိမ်း(Green Pea)ကို ကန့်သတ်ကုန်စည်အဖြစ်မှ
ပယ်ဖျက်လျက် ဆိပ်ကမ်း အရောက်တန်ဖိုး ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၀၀
အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို ဖြေလျော့ပေးရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း(IPGA)က အစိုးရထံတောင်းဆိုထားသည်။ ယခုအခါ
အိန္ဒိယ ပဲကုန်သည်များအနေဖြင့် ၎င်းတို့၏ ပြည်ပကုန်သွယ်ဘက်လုပ်ငန်းရှင်များနှင့်
စားတော်ပဲဝယ်ယူမှု စာချုပ်အသစ်များ ထပ်မံချုပ်ဆိုမှုမပြုကြောင်း၊ လက်ရှိတင်သွင်းရန်
ကျန်ရှိသည့် ကုန်သေတ္တာများကိုလည်း တင်သွင်းမှုမပြုပဲ အစိုးရကဖြေလျော့ပေးမည့်အခြေအနေကို စောင်းဆိုင်းလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့