မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စား ကုန်သွယ်မှုလုပ်ငန်း နှင့်ဆက်စပ်သည့် မြန်မာ၊ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များမှ ပညာရှင်များ၊ အကြံပေးများနဲ့ အဆင့်မြင့်နိုင်ငံခြားသားဝန်ထမ်းများ၏ စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိပြီး ယခင်ကစာရွက်စာတမ်း(၁၆)မျိုး တင်ပြစေခဲ့ရာမှ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန စတင်တာဝန်ယူချိန်မှစတင်၍ Online မှ Application form ရယူဖြည့်သွင်းပြီး အထောက်အထား (၄) မျိုးသာ တင်ပြစေခြင်းဖြင့် လျှော့ချ ဆောင်ရွက်ပေးခဲ့ပါသည်။
ယခုအခါ ခေတ်စနစ်နှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး လာရောက်လျှောက်ထားသူ မြန်မာ နိုင်ငံသားများ၊ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၊ Branch Office များ ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံချက်ကို Online Application Form အသုံးပြုပြီး လျှောက်ထားသည့်စနစ်ကို ၂၀၂၀ ခုနှစ်တွင် စတင်အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး လာမည့်ဖေဖော်၀ါရီလမှစတင် အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။
Business Visa Extension ထောက်ခံချက်ကို Online မှ လျှောက်ထားနိုင်သောကြောင့် ကုမ္ပဏီများအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူလျှင်မြန်ခြင်းနှင့် ကုန်ကျစရိတ်သက်သာ စေမည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် ထောက်ခံချက် ထုတ်ယူချိန် တစ်ကြိမ်သာ လာရောက်ရမည် ဖြစ်ပါသည်။ ယခုဖြေလျော့မှုသည် မိမိတို့ဝန်ကြီးဌာန၏ ကုန်သွယ်မှုအခက်အခဲများ ဖြေရှင်းခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည်ဖြစ်ပြီး Ease of Doing Business အတွက်လည်း အထောက်အကူပြုစေမည် ဖြစ်ပါသည်။
MITC News