ကိုရီးယားသမ္မတနိုင်ငံသည်
ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ရိုက်ခတ်မှုဒဏ်ကြောင့် ပြည်တွင်း စားသုံးမှုနှင့်
ပြည်ပပို့ကုန် တို့ကျဆင်းခဲ့သဖြင့် ၂၀၂၀ပြည့်နှစ်၊ ပထမ သုံးလပတ် အတွင်း
နိုင်ငံ၏ စီးပွားရေးသည် (၁.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊
တောင်ကိုရီးယားဗဟိုဘဏ် Bank of Korea၏ ၂၃-၄-၂၀၂၀ ရက်နေ့
တွင်ထုတ်ဖော်ပြောကြားချက် အရ သိရှိရပါသည်။ ထိုကဲ့သို့ကျဆင်းမှုသည် ၂၀၀၈
ခုနှစ်၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု ကာလတွင်ယင်းနှစ်၏ စတုတ္ထသုံးလပတ်ကာလ၌
(၃.၃)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သည့်နောက်၊
ဆယ်စုနှစ်တစ်ခုကျော်ကာလ
အတွင်းအကြီးမားဆုံးစီးပွားရေး ကျဆင်းမှုလည်းဖြစ်ကြောင်း၊ အာရှဒေသ၏
စတုတ္ထမြောက်စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သော
တောင်ကိုရီးယား၏စီးပွားရေး အခြေအနေသည် ဒုတိယသုံးလပတ်
ကာလတွင်ပိုမိုကျဆင်းရန် အလားအလာများစွာရှိနေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေး အခြေအနေသည် ပုံမှန်အားဖြင့်သုံးလပတ်ကာလ(၂)ခု
ဆက်တိုက်GDPကျဆင်းပါက စီးပွားရေး ကျဆင်းပြီဟု သတ်မှတ်နိုင်ကြောင်း
စီးပွားရေးပညာရှင်များကသုံးသပ်ကြသည်။
ပြည်တွင်းအိမ်ထောင်စုများ၏ သုံးစွဲနိုင်မှုသည်ပထမသုံးလပတ် ကာလအတွင်း(၆.၄)ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး၊ ၁၉၉၇-၁၉၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရစဉ်က ၁၉၉၈ခုနှစ်တွင် (၁၃.၈)ရာခိုင်နှုန်း ကျဆင်းခဲ့သည့်နောက်ပိုင်း (၂၂)နှစ်တာကာလအတွင်း အကြီးမားဆုံးသော ကျဆင်းမှု ဖြစ်ကြောင်း၊ လက်ရှိကာလတွင်ဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ပြည်သူများသည်အပြင်မထွက်ရဘဲ အိမ်တွင်း၌ သာနေထိုင်ကြရသဖြင့် အစားအသောက်၊ တည်းခိုနေထိုင်မှု၊ ဖျော်ဖြေရေးစသည့်ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ် သုံးစွဲနိုင်မှုလျော့ကျလျက်ရှိကြောင်း၊ ပို့ကုန်သည် ၂၀၁၉ခုနှစ်၊ စတုတ္ထသုံးလပတ် ကာလအောက် (၂)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့် ဓာတုဗေဒပစ္စည်းများတင်ပို့နိုင်မှု လျော့ကျခဲ့ပြီး၊ Semiconductor ကဏ္ဍက အဆိုပါလျော့ကျသည့် ပမာဏကိုဖေးမကာမိခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် (၂)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယင်းသည် ၁၉၉၈ခုနှစ်တွင်(၆.၂)ရာခိုင်နှုန်း ကျဆင်းခဲ့သည့်နောက် အကြီးမားဆုံးဖြစ်ကြောင်းသိရှိရသည်။
Coronavirus သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသို့ ပျံ့နှံ့လျက်ရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်တွင် စီးပွားရေးအခြေအနေသည် ပိုမိုဆိုးရွားလာဖွယ်ရာရှိခြင်းသည် အဓိက အရေးကြီးသည့်အချက်ဖြစ်ပြီး၊ နိုင်ငံ၏စီးပွားရေးနှင့် အလုပ်အကိုင်ကဏ္ဍများကို ထိခိုက်လာမည် ဖြစ်ကြောင်း၊ တောင်ကိုရီးယားအစိုးရမှလည်း ယင်းအခြေအနေများကိုကြိုတင် တွက်ဆထားပါကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ဝန်ကြီး Hong Nam-Ki၏ ထုတ်ဖော်ပြောကြားမှုအရ သိရှိရပါသည်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းပညာရှင်များအနေဖြင့် ဗိုင်းရပ်ကြောင့်စီးပွားရေးကဏ္ဍအပေါ် ထိခိုက်မှုများအတွက် ရေတို ကုစားမှုအစီအမံများအပေါ်တွင် အဆိုးမြင်လျက်ရှိကြောင်းသိရှိရပြီး၊ ပြည်တွင်းစားသုံးမှုလွန်စွာကျဆင်း လျက်ရှိခြင်းက စီးပွားရေးတိုးတက်မှုအရှိန်အဟုန်ကို များစွာလျော့ကျစေကြောင်း၊ ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းသည် အနုတ်မပြဘဲ သုညရာခိုင်နှုန်းတွင် ရပ်တည်နေနိုင်လျှင်ပင် ကျေနပ်ရမည့် အနေအထား ဖြစ်ကြောင်း ယွန်ဆေးတက္ကသိုလ်မှ စီးပွားရေးပညာရှင် Sung Tae-yoon က ပြောကြားခဲ့ပါသည်။
တင်ပြသူ : ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)