ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Asoက ဧပြီလ ၂၇ ရက်နေ့၊ အောက်လွှတ်တော်၌ မိန့်ခွန်း ပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်သည်ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများအပေါ် အကြီးအကျယ်ဂယက်ရိုက် နေပါကြောင်း၊ ထိုသို့စိုးရိမ်ဖွယ်အခြေအနေသည်ကပ်ရောဂါ ပြန်ပွားမှုများ ပပျောက်သွားသည့်တိုင် ဆက်လက်တည်ရှိနေ မည်ဟုခန့်မှန်းထားပါကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပိုးထပ်မံမပြန့်ပွားစေရေး ကာကွယ်ရန် ခိုင်မာသည့်အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရောဂါပိုးကူးစက်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်သွားနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုနည်းစနစ်များ အဆင့်မြှင့်တင် သွားမည်ဖြစ်ပါကြောင်းဟု ပြောဆိုခဲ့ပါသည်။
ဗိုင်းရပ်စ်ဂယက်ကြောင့် ထိခိုက်ခဲ့ရသည့် ကုမ္ပဏီကြီးများအတွက် ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေများ ထောက်ပံ့ခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် လူတစ်ဦးချင်း စီကိုထောက်ပံ့ငွေ ထုတ်ပေးခြင်းစသည့် ပံ့ပိုးမှုများဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံသားများ၏ စားဝတ်နေရေးဘဝနှင့် အလုပ်အကိုင်များကို ပံ့ပိုးမှုများဖြင့် ကာကွယ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီးပါကလည်း နိုင်ငံ၏စီးပွားရေးကိုအလျှင်အမြန် ပြန်လည်နာလန်ထူ နိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့ပြီး စီးပွားရေးဆိုင်ရာ အရေးပေါ် အခြေအနေအတွက် စီးပွားရေးဆိုင်ရာအားဖြည့်မှုများ အကောင်အထည်ဖော်ရေး ထပ်ဆောင်း ဘတ်ဂျက်မူကြမ်း အမြန်အတည်ပြုပေးရန် ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်အမတ်များကို အဆိုပြု တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
Source - ဒေါ်နန္ဒာ၀င်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံးတိုကျို
MITC News