စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးဝင်းတို့နှင့်အတူ သြဂုတ်လ(၂၄) ရက်နေ့နံနက်(၁၀)နာရီ အချိန်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟို ဌာနမှအွန်လိုင်းဖြင့့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်း ကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Productsဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ ဗြီတိန်၊ အီတလီ၊ ရှရှား၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့မှ စိတ်ပါဝင်စားသူများက အွန်လိုင်းမှပါဝင် တက်ရောက် ခဲ့ပါသည်။
ကုန်စည်ပြပွဲတွင်ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက် ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများကို မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ကိုရီးယား နိုင်ငံတို့မှ ကုမ္ပဏီ(၅၀) ကျော်မှ ပါဝင်ပြသမည်ဖြစ်ပြီး ပြပွဲကာလအတွင်း တရုတ်၊ စင်္ကာပူနိုင်ငံများမှ ကုန်သည် လုပ်ငန်းရှင်များနှင့် Business Matching များလည်းကျင်းပသွားမည်ဖြစ်သည်။
အဆိုပါပြပွဲသို့ နိုင်ငံတကာမှဝယ်ယူသူ/လေ့လာသူအဖြစ် တက်ရောက်ရန်ကြိုတင် စာရင်းပေးသွင်း ထားသူ(၂၅၀)ကျော်ရှိကြောင်းနှင့် အွန်လိုင်းကုန်စည်ပြပွဲကိုသြဂုတ်လ (၂၄)ရက်နေ့မှ (၃၀) ရက်နေ့အထိ www.myanmarexpopark.com တွင်အခမဲ့စာရင်းပေးသွင်း၍ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သတင်းရရှိပါသည်။